WY ဆေးပြား သိကောင်းစရာ / စာ - ဒေါက်တာရဲမာန်ပိုင် (ဒေါက်တာပြုံးချို)

"တကယ်တော့ အဲ့ဆေးပြားလေးကို ခဲ ပြားလေးပေါ်တင်ပီး ရှို့နေရတဲ့အခိုက်အတန့်လေးကိုသာ လိုချင်တပ်မက်နေကြတာ.. ဆွဲပီးရင်းဆွဲချင် ဖြစ်လာအောင်လဲ သူက အနံ့လေးနဲ့ဆွဲဆောင်သေးသဗျ…. ဒါပေမယ့် တစ်ချို့တွေသိမှာပါ.. အထူးသဖြင့် ကိုယ့်အံသွားတွေ ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ.. နောင်တ တွေနဲ့ အတူ ဖြတ်နိုင်အောင် ကြိုးစါးသင့်နေပြီ

ကြာလာရင် ခါးတွေနာပီး လက်ပျဉ်တွေ နာလာလိမ့်မယ်.. ဆက်မလုပ်တော့တာ အကောင်းဆုံး
အဓိက စိတ်ကို နိုင်ရင် ဖြတ်ဖို့လွယ်လွယ်လေးပါ.. ဖြတ်လိုက်ခြင်းအားဖြင့် ရရှိနိုင်မယ့် အခွင့်အရေးတွေကတော့…
အသားအရေပြန်လည်စိုပြေလာမယ်
ယခင်က ချိုင့်ဝင်နေတဲ့ မျက်နှာ ပြန်လည်ပြည့်တင်းလာမယ်
အပေါင်းအသင်းပြန်လည် ဝင်ဆံ့လာမယ်
ဝင်ငွေ တိုးလာမယ်


မိမိကိုကိုယ် ယုံကြည်မှုရှိလာမယ်…. ကဲ.. ဘယ်လောက်ကောင်းလဲ…ဒီတော့ မဖြတ်နိုင်ရင်တောင်… ရက်ခြားလေးလောက်ဘဲ သုံးသွားတာကောင်းတယ်.. အကျထိလို့ ပြန်တင်တာတွေ မလုပ်ရဘူး.. လုပ်လဲ မထူးဘူး.. အဲ့ဒီအစား အိပ်ရေးဝဝပြန်အိပ်လိူက်.. တတ်နိုင်သလောက် မလုပ်မိစေနဲ့…ကြာလာရင် ဖြတ်နိုင်သွားမှာပါ။ အခုခေတ်လူငယ်လေးတွေတွက်အနာဂတ်လမ်းစပျောက်နေသည့် အရာပေါ့ဗျာ ‘yaba’ ‘ยาบ้า’ WY ဆိုတာ စိတ်ကြွရူးသွပ်ဆေးပြားပါ။ အစပိုင်းမှာ စိတ်ကြွပြီး ကောင်းသလို ဖြစ်ပေမယ့် ရေရှည်မှာ စိတ်ဖောက်ပြန်ရူးသွပ်စေနိုင်ပါတယ်။ စိတ်ကို အမှန်တကယ် ပြောင်းလဲစေတဲ့အပြင် ကိုယ်ခန္ဓာကိုပါ ဒုက္ခမျိုးစုံပေးလို့ ဒီစာကို ရေးတာပါ။

WY ဆိုတာ?

WY လို့ လူသိများတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကို ရာဘ / ယာဘ / ရာမ / ယာမ / မြင်းဆေး / ကြယ်သီး / အသီး ဆိုပြီး နာမည်မျိုးစုံနဲ့ လူသိများပါတယ်။ အဓိက ပါဝင်ပစ္စည်းတွေကတော့ Methamphetamine (45 – 65) mg နဲ့ Caffeine (25 – 35) mg အကြမ်းဖျင်း အချိုးအစားနဲ့ ပြုလုပ်ထားတာပါ။ လူသိနည်းတာတခုက Lithium ပါဝင်တယ်ဆိုတာပါပဲ။ ဘထ္ထရီတွေမှာ အသုံးများတဲ့ သတ္ထုတခုပါ။ 88 လို့ တံဆိပ်ရိုက်ထားတဲ့အတွက် 88 လို့လည်း ခေါ်ကြပါတယ်။
သန့်စင်တဲ့ Methamphetamine ကိုတော့ ICE လို့ခေါ်ပါတယ်။ အချိုမှုန့်ပုံစံ အဖြူရောင်ပုံဆောင်ခဲတွေပါ။
MDMA ကတော့ Ecstasy လို့ လူသိများပါတယ်။ အကုန်လုံးကတော့ Amphetamine အနွယ်ဝင်တွေပါပဲ။
Amphetamine ဆိုတာ ဗဟိုအာရုံကြောမအဖွဲ့အစည်းကို လှုံဆော်ပေးတဲ့နေရာမှာ အားကောင်းတဲ့အရာဖြစ်ပါတယ်။

WY ဖြစ်လာပုံ

(၁၈၈၇) ခုနှစ်မှာ ဂျာမနီနိုင်ငံမှာ စတင်တွေ့ရှိပါတယ်။ (၁၉၁၉) ခုနှစ်မှာ ဂျပန်ပညာရှင်တယောက်က အခဲအဖြစ် စတင်ပြုလုပ်ပါတယ်။ အစပိုင်းကတော့ စစ်သုံးဆေးဝါးအဖြစ်သာ သုံးခဲ့ပေမယ့် (၁၉၅၀) ကျော်လာတော့ အဝေးပြေးကားမောင်းသမားတွေ၊ အားကစားသမားတွေနဲ့ ကျောင်းသားတွေပါ သုံးစွဲလာကြပါပြီ။ (၁၉၆၀) ခုနှစ်မှာတော့ ထိုးဆေးအနေနဲ့ပါ ထွက်ရှိလာပါတယ်။
အာရှတိုက်မှာ အာဖဂန်နစ္စတန်တွင် အကြီးအကျယ် ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါတယ်။ နောက်တော့ ‘ ဝ ‘ စစ်တပ်က စတင်ပြီး မြန်မာနိုင်ငံဘက်မှာ စတင်ဖြန့်ဖြူးခဲ့တာပါ။ WY ဆိုတာ Wa Youth (ဝ လူငယ်) ကနေ လာတာပါ။ အခုတော့ မြန်မာနိုင်ငံအနှံမှာ WY မရှိတဲ့နေရာ မရှိသလောက်ပါပဲ။ အဓိက ကုန်ကြမ်းဖြစ်တဲ့ Pseudoephedrine ကို အိန္ဒိယနယ်စပ်ဘက်ကနေ ဆေးကတ်ကနေခွာပြီးတော့ သွင်းယူပါတယ်။ အခုနောက်ပိုင်းကျတော့ နေရာစုံ လမ်းကြောင်းပေါင်းစုံကနေ ကုန်ကြမ်းရော ကုန်ချောပါ ကြိုက်သလို ဝင်ထွက်ကူးသန်းနေတော့တာပါပဲ။ ဆေးပြားရိုက်ဖို့အတွက် (၈) ပေပတ်လည် အခန်းလောက်နဲ့ပဲ အဆင်ပြေနေပါပြီ။ အခုနောက်ပိုင်းတော့ ထိုင်းဘက်မှာဆိုရင် ဆေးပြားရိုက်စက်ကို ကားထဲထည့်ပြီး အဝေးပြေးလမ်းပေါ်မှာတင် ဆေးပြားထုတ်နေကြတာပါပဲ။ မြန်မာနိုင်ငံမှာတော့ စံချိန်တင် ပိုင်ရှင်မဲ့ ဖမ်းဆီးရရှိမှုအများဆုံး မူးယစ်ဆေးဝါးအဖြစ် နေရာယူထားပါတယ်။ အဖမ်းအခံရဆုံးကတော့ သုံးစွဲသူတွေပါ။

WY ပုံစံများ

လူသိများတဲ့ WY ဆေးပြားတွေက ပန်းရောင် နဲ့ အနီရောင်လောက်ပဲ ရှိပါတယ်။ တကယ်တမ်းက တံဆိပ် ရိုက်နှိပ်ထားပုံ အမြောက်အများ ရှိသလို အရောင်မျိုးစုံလည်း ရှိပါတယ်။
WY မှာ

  • တံဆိပ်ရိုက်ထားပုံအရ ( ပုံမှန်၊ Yအမှီးတို၊ အမှီးအရှည်၊ အမှီးကောက်) ဟူ၍ (၄)မျိုး
  • တံဆိပ်ရဲ့တဖက်ခြမ်းမှာ (ဖင်ချိုင့်၊အပြည့်၊ အခုံး) ဟူ၍ (၃)မျိုး
  • ပန်းရောင်မှာ (အဖျော့၊ ပုံမှန်၊ အရင့် ကြက်သွေး) ဟူ၍ (၄)မျိုး
  • အဖြူရောင်မှာ (အဖြူစင်၊ နို့နှစ်ရောင်) ဟူ၍ (၂)မျိုး
  • ဆေးလုံးရဲ့ထုထည် (အထူ၊ အလယ်အလတ်၊ အပါး) ဟူ၍ (၃)မျိုး
စုစုပေါင်း (၁၆) မျိုး ရှိပါတယ်။

  • 88 မှာ တဖက်မှာ 88 နောက်တဖက်မှာ (ပြောင်၊ 0၊ 1၊ 2၊ emoji ) ဟူ၍ (၅) မျိုး ရှိပါတယ်။

WY ဆေးပြားအမျိုးမျိုး - စိတ်ကျန်းမာနေကြာ

WY သုံးစွဲပုံ

ဆေးပြားကို ဝါးစားတယ်။ Methamphetamine သီးသန့်ပဲပါတဲ့ ဆေးတွေက ဝါးစားလို့ ရပါတယ်။ ဒါပေမယ့် လက်ရှိစျေးကွက်ထဲက WY တွေနဲ့တော့ မစမ်းသပ်ပါနဲ့။ အန္တရာယ်ရှိလို့ပါ။


ဆေးကို အမှုန့်ချေပြီး နှာဝမှာ ဘိန်းဖြူရှူသလို ရှူလို့ရတယ်။ ဒါလည်း ပြဿနာရှိတာပါပဲ။
အကြောထဲ ထိုးတယ်။ ဆေးပြားလေးတွေကို မိုးရေနဲ့ဖျော်ပြီး ဘိန်းထိုးသလို ထိုးတာပါ။ အဓိက သွေးကြောမကြီးတွေထဲမှာ ဆေးခဲသွားတတ်လွန်းလို့ သေကြတဲ့သူတွေလည်း မနည်းပါဘူး။ အရှိန်တက်တာ အရမ်းမြန်သလို အရမ်းကြောက်ဖို့ကောင်းပါတယ်။
ဆေးပြားအငွေ့ကို ရှူကြတယ်။ အကင်ခဲပြား၊ အလှပြင်ဆိုင်သုံးခဲပြား၊ အိုးဖာတိပ်၊ ပီကယ်ခွံ နဲ့ ဆေးလိပ်ဗူးခွံထဲက ခဲပြား အစရှိသဖြင့် အောက်ခံခဲပြားပေါ်မှာ ဆေးပြားကိုတင်ပြီး ပြုပြင်ထားတဲ့ မီးအသေးစားလေးနဲ့ အပူပေးပြီး ထွက်လာတဲ့ အငွေ့ကို ရှူကြတာပါ။ ပိုက်ဆံကို လိပ်ပြီးတော့ တိုက်ရိုက်ရှူကြတယ်။ ရေသန့်ဘူးခွံကို အအေးသောက်ပိုက်ကောက်တပ်ပြီးတော့လည်း ရေခံပြီးတော့ ရှူကြတယ်။ နဂါးငွေ့တန်းကို လိုက်ဖမ်းတယ်လို့ တင်စားကြတာပဲ။ ရေ မခံရင် အသေမြန်တယ်လို့လည်း ပြောကြပါတယ်။ ဂျိုး လို့ခေါ်တဲ့ အဖြူရောင် အမှုန့်လေးတွေကို ပြန်မစားသင့်ပါဘူး။ ငတ်ကြီးကြရင် ကြသလို အန္တရာယ်ပိုများလာမှာပါ။
အစပိုင်း သုံးစွဲကာစမှာ ဘာကို ယူလို့ ယူရမှန်းမသိ ဖြစ်နေပေမယ့် နောက်ပိုင်းကြရင် ဆေးထိုင်ချနေရတဲ့ ခံစားမှုကိုပဲ အကြိုက်ဆုံး ဖြစ်လာမှာပါ။ အဲ့ဒါဆိုရင်တော့ ဆေးစွဲနေတာ သေချာပါပြီ။ WY ကို တိုင်းရင်းသားတွေက ” တခုလို ” လို့ ခေါ်တာ ကြားဖူးပါတယ်။ ဘယ်လောက်ရှိရှိ မလောက်တာရယ် ချပြီးရင်း ချချင်စိတ် ဖြစ်တတ်တာရယ်ကြောင့်ပါ။ အရမ်းကို ဆေးစွဲဖို့ လွယ်ကူကြောင်း သတိပေးပါရစေ။ အစ မလုပ်တာ အကောင်းဆုံးပါပဲ။ သုံးစွဲသူအဆင့်ကနေ စွဲလန်းသူဖြစ်သွားဖို့ မခက်ခဲတာမို့လို့ ရပ်တန်းက ရပ်ကြဖို့ အရေးကြီးပါတယ်။ စိတ်ကြွရူးသွပ်ဆေးဖြစ်တာကို မမေ့စေချင်ပါဘူး။

WY ဆိုးကျိုး

စတင် သုံးစွဲကာစမှာ ဘာလုပ်လုပ် အာရုံစူးစိုက်မှု ကောင်းပြီးတော့ တက်ကြွနေမယ်။

  • စိတ်ကြည်နူး ပျော်ရွှင်နေသလို ခံစားရမယ်။
  • အင်အားတွေ တိုးနေသလို ခံစားရမယ်။
  • အဆာခံနိုင်ပြီးတော့ အစာစားချင်စိတ် မရှိဘူး။
  • လုပ်သမျှ အဆင်ပြေနေသလို ပြောကောင်းဆိုကောင်း ဖြစ်နေမှာပါ။

ဆေးသုံးကာစမှာ ကောင်းသလိုဖြစ်နေပေမယ့် ဆေးဆက်သုံးစွဲတာနဲ့အမျှ လူလည်း စိတ်ရောကိုယ်ပါ ပျက်စီးလာမှာပါ။

  • ဆေးပမာဏများလာရင်တော့ အာရုံထိန်းချုပ်မှု ပျက်ယွင်းလာပြီး ကြွက်သားတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။
  • မှတ်ဉာဏ်နည်းပါးလာပြီး အာရုံစူးစိုက်နိုင်စွမ်း နည်းပါးလာပါလိမ့်မယ်။
  • သံသယစိတ်တွေ များလာပြီးတော့ ရိုင်းစိုင်းကြမ်းတမ်းလာပါလိမ့်မယ်။
  • လူမှုပတ်ဝန်းကျင်မှာ အဆင်မပြေမှုတွေ များပြားလာပြီးတော့ နောက်ဆုံးတော့ သေရမှာပါပဲ။
  • အဖမ်းခံရတာ ထောင်ကျတာတွေကတော့ မလွဲမသွေနည်းပါး ကြုံရမှာပဲလေ။

မသုံးဖူးသေးရင် လက်တည့်မစမ်းပါနဲ့။ သုံးမိနေရင် ရအောင်ဖြတ်ပါ။ ဆေးကျတဲ့ အချိန်ဆိုရင် 

  • တကိုယ်လုံး ကိုက်ခဲပြီး အားမရှိဖြစ်ပြီးတော့ ဘာမှလုပ်ချင်စိတ်မရှိတာကို ကြုံဖူးရင် သိကြမှာပါ။ 
  • စိုးရိမ်ထိတ်လန့်မှု များလာမယ်။
  • စိတ်တိုလွယ်မယ်။
  • ခေါင်းကိုက်မယ်။
  • ဂနာမငြိမ်ဖြစ်မယ်။
အဲ့ဒီတော့ ဆေးသုံးတဲ့ခံစားမှုပြန်ရဖို့အတွက် ငွေကုန်လူပန်းခံပြီးတော့ ထောင်နှုတ်ခမ်းပေါ်နင်းပြီး ကြိုးစားတော့မှာ အသေအချာပါပဲ။ လူမှုစီးပွားပျက်စီးပြီးတော့ အရာရာဆုံးရှုံးသွားတဲ့ ငမိုက်သားဘဝကို အသေအချာရောက်ရမှာပါ။
  • နှလုံးရောဂါ၊
  • သွေးတိုးရောဂါ၊
  • လည်ပင်းကြီး ဟော်မုန်းများရောဂါ၊
  • စိတ်ရောဂါအခံရှိသူတွေ၊
  • ဆေးဝါးအလွဲသုံးဖူးသူတွေ နဲ့
  • ကိုယ်ဝန်ဆောင်တွေရော နို့တိုက်မိခင်တွေပါ လုံးဝ မသုံးစွဲသင့်ပါဘူး။
ဘေးထွက်ဆိုးကျိုးတွေကတော့ အသက်အရွယ် နဲ့ လူအပေါ်မူတည်ပြီးတော့ ကွဲပြားပါတယ်။ 
  • အမြင်မှုန်ဝါးမယ်။
  • ခံတွင်းတွေ ခြောက်မယ်။
  • ရေငတ်မယ်။
  • ပါးစပ်နံမယ်။
  • သွားအရင်းမှာ ကျောက်တည်မယ်။
  • သွားတွေ ကြွေကျမယ်။
  • နှလုံးခုန်အရမ်းမြန်မယ်။
  • သွေးတိုးမယ်။
  • သွေးပေါင်လည်း ထိုးကျတတ်တယ်။
  • နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်မယ်။
  • ဦးနှောက်အတွင်း သွေးယိုစီးတတ်တယ်။
  • အဆုတ်ရေဝိုင်းတဲ့ရောဂါလည်း ဖြစ်နိုင်တယ်။
  • ချွေးထွက်များမယ်။
  • ကိုယ်ခန္ဓာ အပူချိန်က သိသိသာသာ တက်နေတတ်တယ်။
  • ခြေဖျားလက်ဖျားတွေကတော့ အေးစက်နေမယ်။
  • ကြွက်သားတွေ နာကျင် ပျက်စီးပြီး ပိန်ချုံးလာပါမည်။
  • ကျောက်ကပ် ပျက်စီးလာရင် ခါးနာတတ်တာကို သတိထားပါ။  

    ဒေါက်တာရဲမာန်ပိုင် (ဒေါက်တာပြုံးချို)
    M.B., B.S, M.Med.SC (Mental Health)
    စိတ်ကျန်းမာရေးအထူးကုဆရာဝန်

အညွှန်းများ

Show more