စိတ်ဖိစီးမှုကို ကျန်းမာစွာ ဖြေရှင်းနည်းများ
စိတ်ဖိစီးမှုဆိုတာ လူတိုင်းရဲ့ဘဝမှာ ရှိနေတဲ့ အရာတစ်ခုပါ။ အလုပ်ကိစ္စတွေ၊ ပညာရေး ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ ပြဿနာတွေကြောင့် ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ဖိစီးမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အရေးကြီးတာက ဒီဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာပါပဲ။ စိတ်ဖိစီးမှုတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ မဖြေရှင်းရင် စိတ်ကျန်းမာရေးရော၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
မကောင်းတဲ့နည်းလမ်းတွေနဲ့ ကျန်းမာတဲ့နည်းလမ်းတွေကြားက ကွာခြားချက် တချို့လူတွေဟာ စိတ်ဖိစီးမှုတွေကို အရက်သောက်ခြင်း၊ အစားအလွန်အကျွံစားခြင်း ဒါမှမဟုတ် ပြဿနာတွေကို ရှောင်လွှဲခြင်းစတဲ့ မကောင်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းတတ်ကြပါတယ်။ ဒီနည်းလမ်းတွေဟာ ရေတိုမှာ ပေါ့ပါးသွားတယ်လို့ ထင်ရပေမယ့် ရေရှည်မှာတော့ ပိုပြီး ဆိုးရွားတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ရင်ဆိုင်ဖို့အတွက် ကျန်းမာတဲ့နည်းလမ်းတွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။
စိတ်ဖိစီးမှုကို ကျန်းမာစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းများ
၁။ စိတ်ခံစားမှုဆိုင်ရာ ဖြေရှင်းနည်းများ သင့်ရဲ့ခံစားချက်တွေကို ရင်ထဲမှာပဲ ဖုံးကွယ်မထားပါနဲ့။ ခံစားချက်တွေကို အပြင်ထုတ်ပြီး ပေါ့ပါးအောင် လုပ်ပါ။
ဒိုင်ယာရီရေးပါ: သင့်ရဲ့ခံစားချက်တွေ၊ အတွေးတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို စာရွက်ပေါ်မှာ ရေးချလိုက်ပါ။ ဒါက စိတ်ကို ရှင်းလင်းစေပြီး ခံစားချက်တွေကို ပိုနားလည်စေပါတယ်။
ပြောပြပါ: ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်း၊ မိသားစုဝင် ဒါမှမဟုတ် ပညာရှင်တစ်ယောက်နဲ့ စကားပြောပါ။ ကိုယ့်စိတ်ထဲမှာရှိတာတွေကို ရင်ဖွင့်လိုက်ရုံနဲ့ စိတ်ဖိစီးမှုတွေ လျော့ကျသွားနိုင်ပါတယ်။
လက်ခံပေးပါ: ကိုယ်ခံစားနေရတာတွေကို ပြစ်တင်မယ့်အစား လက်ခံပေးပါ။ "ငါစိတ်ဖိစီးနေတယ်၊ ဒါက ရပါတယ်။" လို့ ကိုယ့်ကိုယ်ကို ပြောပါ။
၂။ ရုပ်ပိုင်းဆိုင်ရာ ဖြေရှင်းနည်းများ ကိုယ်ခန္ဓာကို လှုပ်ရှားတာက စိတ်ဖိစီးမှုကို လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။
လေ့ကျင့်ခန်းလုပ်ပါ: ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာက ဦးနှောက်ကနေ Endorphins လို့ခေါ်တဲ့ ပျော်ရွှင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဓာတ်တွေကို ထုတ်ပေးပါတယ်။
အသက်ပြင်းပြင်းရှူပါ: စိတ်ဖိစီးနေတဲ့အခါ အသက်ရှူနှုန်း မြန်လာတတ်ပါတယ်။ အသက်ကို ဖြည်းဖြည်းချင်း နက်နက်ရှိုင်းရှိုင်း ရှူသွင်း ရှူထုတ်ခြင်းက စိတ်ကိုတည်ငြိမ်စေပါတယ်။
လုံလောက်စွာအိပ်စက်ပါ: အိပ်စက်ခြင်းက စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးပါတယ်။ အိပ်ချိန်လုံလောက်အောင် ဂရုစိုက်ပါ။
၃။ စိတ်ပိုင်းဆိုင်ရာ ဖြေရှင်းနည်းများ သင့်ရဲ့အတွေးတွေကို ပြောင်းလဲခြင်းအားဖြင့်လည်း စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။
Mindfulness လေ့ကျင့်ပါ: ပစ္စုပ္ပန်အချိန်ကို အာရုံစိုက်ပြီး ခံစားချက်တွေကို စောင့်ကြည့်ပါ။ ဒါက အတွေးတွေရဲ့ ဖိစီးမှုကနေ ခဏလောက် အနားယူစေနိုင်ပါတယ်။
"မလုပ်နိုင်ဘူး" လို့ ပြောတတ်အောင် လေ့ကျင့်ပါ: ကိုယ့်အပေါ်ဖိစီးမှုတွေ များနေတဲ့အချိန်မှာ တခြားသူတွေရဲ့ တောင်းဆိုမှုတွေကို လက်ခံတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ရဲ့အခြေအနေကို နားလည်ပြီး "မလုပ်နိုင်ဘူး" လို့ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုတတ်အောင် လေ့ကျင့်ပါ။
နယ်နိမိတ်သတ်မှတ်ပါ: အလုပ်၊ လူမှုရေး၊ မိသားစု ဆက်ဆံရေးတွေမှာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ နယ်နိမိတ်တွေကို သတ်မှတ်ပါ။
၄။ လူမှုရေးဆိုင်ရာ ဖြေရှင်းနည်းများ တစ်ယောက်တည်း ဖြေရှင်းဖို့မကြိုးစားပါနဲ့။ အခြားသူတွေနဲ့ အဆက်အသွယ်လုပ်ပြီး ပံ့ပိုးမှုရယူပါ။
ချစ်ရတဲ့သူတွေနဲ့ အချိန်ကုန်ဆုံးပါ: သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ အချိန်ပေးပြီး စကားပြောတာ၊ ပျော်ရွှင်စရာတွေ လုပ်တာက စိတ်ဖိစီးမှုကို ဖြေလျော့ပေးနိုင်ပါတယ်။
ပညာရှင်အကူအညီရယူပါ: စိတ်ဖိစီးမှုတွေဟာ သင့်ရဲ့နေ့စဉ်ဘဝကို ထိခိုက်လာပြီဆိုရင် စိတ်ကျန်းမာရေး ပညာရှင်တစ်ယောက်နဲ့ ဆွေးနွေးတိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဒီနည်းလမ်းတွေထဲက ဘယ်နည်းလမ်းက သင့်အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာကို ရှာဖွေပါ။ အားလုံးကို တစ်ပြိုင်နက် လုပ်စရာမလိုပါဘူး။ တစ်ခုပြီးမှ တစ်ခုကို လေ့ကျင့်ပြီး စိတ်ဖိစီးမှုတွေကို ကျန်းမာတဲ့နည်းလမ်းနဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားကြည့်ပါ။
References
American Psychological Association. (2019, November 1). Coping with stress. Retrieved from
https://www.apa.org/topics/stress/coping-with-stress
Centers for Disease Control and Prevention (CDC). (2022, November 28). Coping with Stress. Retrieved from
https://www.cdc.gov/mentalhealth/stress-coping/index.html
Harvard Health Publishing. (2020, November 20). Understanding the stress response. Retrieved from
https://www.health.harvard.edu/staying-healthy/understanding-the-stress-response
Mind. (n.d.). Stress. Retrieved from
https://www.mind.org.uk/information-support/types-of-mental-health-problems/stress/about-stress/
