စိတ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် အဆင့် ၅ ဆင့်



လူတစ်ဦးချင်းစီတိုင်း ပြုလုပ်နိုင်သော စိတ်ကျန်းမာရေးနှင့် ဘဝပျော်ရွှင်မှုအတွက် အရေးပါသည့် အလေ့အကျင့်ကောင်း ၅ ခုကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ဆောင်ခြင်း

ကိုယ်လက်လှုပ်ရှားမှုဟာ ကိုယ်ခန္ဓာကို ကြံ့ခိုင်စေရုံသာမက စိတ်ကျန်းမာရေးအတွက်လည်း အလွန်အကျိုးပြုပါတယ်။ လှုပ်ရှားမှုလုပ်တဲ့အခါ ဦးနှောက်က Endorphins လို့ခေါ်တဲ့ ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ထုတ်ပေးပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးပါတယ်။ တစ်နေ့ကို ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်ထိ လမ်းလျှောက်တာ၊ ယောဂကျင့်တာ ဒါမှမဟုတ် စက်ဘီးစီးတာမျိုး လုပ်ရုံနဲ့လည်း ကောင်းမွန်တဲ့ရလဒ်တွေကို ရရှိနိုင်ပါတယ်။

၂။ ပတ်ဝန်းကျင်ကလူတွေနဲ့ ဆက်ဆံရေး တည်ဆောက်ခြင်း

မိသားစု၊ သူငယ်ချင်းနဲ့ ယုံကြည်ရတဲ့သူတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်ထားခြင်းဟာ စိတ်ကျန်းမာရေးအတွက် အရေးပါပါတယ်။ ကိုယ့်ရဲ့ခံစားချက်တွေကို ရင်ဖွင့်ပြောဆိုတာ ဒါမှမဟုတ် အချိန်အတူတူဖြတ်သန်းတာက စိတ်ပိုင်းဆိုင်ရာ ခင်မင်ရင်းနှီးမှုနဲ့ ပေါင်းသင်းဆက်ဆံရေးကို တိုးမြှင့်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် တစ်ယောက်တည်း အထီးကျန်တယ်လို့ မခံစားရဘဲ ပြဿနာတွေ ကြုံလာတဲ့အခါမှာလည်း အားဖြစ်စေပါတယ်။

၃။ အရာသစ်တွေကို အမြဲလေ့လာသင်ယူနေခြင်း

အသိပညာ ဒါမှမဟုတ် စွမ်းရည်အသစ်တွေကို လေ့လာခြင်းက ဦးနှောက်ကို အမြဲတက်ကြွနေစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုခုကို စတင်လုပ်ဆောင်ကြည့်ပါ။ ဥပမာ- ဘာသာစကားအသစ်တစ်ခု သင်ယူတာ၊ တူရိယာတစ်ခုခု တီးခတ်တာ ဒါမှမဟုတ် ချက်ပြုတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေက သင့်ကိုယ်သင် တန်ဖိုးရှိတယ်လို့ ခံစားရစေပြီး စိတ်အားထက်သန်မှုတွေကိုလည်း တိုးပွားစေပါတယ်။

၄။ တစ်ပါးသူကို ကူညီဖေးမခြင်း

တစ်ပါးသူကို ကူညီတာ ဒါမှမဟုတ် ကောင်းမှုတစ်ခုခုလုပ်ပေးတာဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ်လို့ ခံစားရစေပါတယ်။ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်ကို ကူညီတာ ဒါမှမဟုတ် ပရဟိတအဖွဲ့အစည်းတစ်ခုခုမှာ ပါဝင်လှူဒါန်းတာမျိုးက စိတ်ဖိစီးမှုကို လျှော့ချပေးပြီး အပြုသဘောဆောင်တဲ့ ခံစားချက်တွေကိုလည်း တည်ဆောက်ပေးပါတယ်။

၅။ ပစ္စုပ္ပန်မှာ ပိုမိုနေထိုင်ခြင်း

ဒီလိုအလျင်အမြန်ပြောင်းလဲနေတဲ့ခေတ်မှာ Mindfulness (သတိပဋ္ဌာန်) ကို လေ့ကျင့်ပြီး ကိုယ်လုပ်နေတဲ့အရာတွေပေါ်မှာ အာရုံစိုက်ခြင်းက စိတ်ကို ငြိမ်သက်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။ တစ်နေ့ကို ခဏလောက် အချိန်ပေးပြီး ကိုယ့်ရဲ့အသက်ရှူသံ ဒါမှမဟုတ် အစားအသောက်ရဲ့အရသာကို သတိနဲ့ခံစားကြည့်ပါ။ ပစ္စုပ္ပန်မှာ အာရုံစိုက်နေထိုင်ခြင်းက အတိတ်နဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်နေရတာတွေကို လျှော့ချပေးနိုင်ပါတယ်။

ဒီအလေ့အကျင့်ကောင်းတွေကို တစ်ခုချင်းစီ ဖြည်းဖြည်းချင်း စတင်လုပ်ဆောင်ကြည့်ပါ။ ဒါဆိုရင် သင့်ရဲ့ စိတ်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတွေ တိုးတက်လာတာကို အံ့အားသင့်ဖွယ် တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။

References
NHS – 5 Steps to Mental Wellbeing
https://www.nhs.uk/mental-health/self-help/guides-tools-and-activities/five-steps-to-mental-wellbeing/
Mental Health Foundation UK
https://www.mentalhealth.org.uk/explore-mental-health/publications/our-best-mental-health-tips
WHO – Promoting mental health
https://www.who.int/activities/promoting-mental-health

အညွှန်းများ

Show more